နေရောင်ခြည်ကြောင့် ဖြစ်တဲ့ မျက်စိပြဿနာများ
နေရောင်ခြည်မှာ ပါတဲ့ UV rays တွေက အသားအရေကို ထိခိုက်စေတာကို လူတိုင်းနီးပါး သိကြမယ် ထင်ပါတယ်။ ဒါပေမယ့် နေရောင်ခြည်က မျက်စိကိုလည်း ထိခိုက်စေတာကိုတော့ တော်တော်များများ မသိကြပါဘူး။
ဟုတ်ပါတယ်။ နေရောင်ခြည်ကြောင့် ဖြစ်တဲ့ မျက်စိရောဂါတွေ ရှိပါတယ်။ အထူးသဖြင့် အခုလို ရာသီဥတုပူပြင်းတဲ့ အချိန်မှာ ထွက်တဲ့နေရောင်ခြည်တွေက ပိုပြီးတော့ ထိခိုက်စေပါတယ်။
နေရောင်ခြည်ကြောင့် မျက်စိမှာ ဘာတွေ ဖြစ်နိုင်သလဲ?
(1) အိုမင်းရင့်ရော်ခြင်း
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က နေရောင်ခြည်ထဲက UV Rays တွေကြောင့် ဖြစ်တာပါ။ မျက်လုံးတစ်ဝိုက်မှာ ကျီးခြေရာလို့ခေါ်တဲ့ အရေးအကြောင်းတွေ၊ နေလောင်တဲ့ အညိုကွက်တွေ၊ မှဲ့ခြောက်တွေ ဖြစ်လာပါလိမ့်မယ်။ နေကာမျက်မှန်တပ်တာ၊ ဦးထုပ်ဆောင်းတာ၊ SPF ပါတဲ့ Eye Cream နေ့စဥ်လိမ်းတာတွေက အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် အရေပြားကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးမှာပါ။
(2) အတွင်းတိမ်
အတွင်းတိမ်ဆိုတာ မျက်စိရဲ့ မျက်ဘီလူး (Lens) အတွင်းမှာ တိမ်လိုအရိပ်တွေ ဖြစ်လာရာက တဖြည်းဖြည်း အမြင်အာရုံ ချို့ယွင်းလာတဲ့ ရောဂါပါ။ အတွင်းတိမ် ဖြစ်စေတဲ့ အကြောင်းရင်းများစွာထဲမှာ နေရောင်ခြည်ကလည်း တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ အတွင်းတိမ်ဖြစ်ရင် တိမ်ကျနေတဲ့ မှန်ဘီလူးကို ခွဲစိတ်ထုတ်ပြီး မှန်ဘီလူးအတု အစားထိုးမှသာ အမြင်အာရုံ ပြန်ရနိုင်ခြေ ရှိပါတယ်။ UV Rays တွေကို ကာကွယ်ဖို့ ပြုလုပ်ထားတဲ့ မျက်မှန်ကို တပ်ခြင်းဖြင့် အတွင်းတိမ် မဖြစ်အောင် ကာကွယ်လို့ ရပါတယ်။
(3) မျက်ကြည်လွှာ လောင်ခြင်း
မျက်ကြည်လွှာ (Cornea) ဆိုတာ မျက်စိကို ဖုံးအုပ်ထားတဲ့ အပေါ်ဆုံးအကြည်လွှာလေး ဖြစ်ပြီး မျက်စိရဲ့ အရေပြားလို့တောင် ပြောလို့ရပါတယ်။ အရေပြားကို နေလောင်နိုင်သလိုပဲ မျက်ကြည်လွှာကိုလည်း နေလောင်နိုင်ပါတယ်။ နေလောင်ဒဏ်ကြောင့် မျက်ကြည်လွှာက ရောင်ရမ်းလာပြီး မျက်စိထဲမှာ ဖျက်ကနဲ ဖျက်ကနဲ လက်သွားတာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊ ကြည့်လိုက်တိုင်း နှင်းတွေပိတ်နေသလို အမြင်အာရုံ ပျက်စီးသွားတာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
(4) မြင်လွှာရောင်ခြယ် ပျက်စီးခြင်း
မြင်လွှာ (Retina) ရဲ့ အလယ်မှာ Macula လို့ခေါ်တဲ့ မြင်လွှာရောင်ခြယ်လေး ရှိပြီး ကြည်လင်ပြတ်သားစွာ မြင်ရအောင် လုပ်ဆောင်ပေးပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ Aged Related Macular Degeneration လို့ခေါ်တဲ့ မြင်လွှာရောင်ခြယ် ပျက်စီးခြင်း တဖြည်းဖြည်းဖြစ်လာပြီး မျက်စိက မှုန်လာပါတယ်။ နေရောင်ခြည်နဲ့ မကြာခဏ ထိတွေတဲ့အခါ မြင်လွှာရောက်ခြယ် ပျက်စီးတာက ပိုပြီးစောစော ဖြစ်လာနိုင်ပါတယ်။ မျက်စိကို မကြာခဏ စစ်ဆေးတာ၊ အပြင်ထွက်တိုင်း နေကာမျက်မှန် တပ်တာတွေက ရောဂါပိုဆိုးမသွားအောင် တားဆီးနိုင်ပါတယ်။
(5) မျက်သားတက်ခြင်း
နေရောင်ခြည်နဲ့ ထိတွေ့မှု များတာကြောင့် sclera လို့ခေါ်တဲ့ မျက်ဖြူလွှာမှာ မျက်သားတက်လာတတ်ပါတယ်။ မျက်သားတက်တာက မျက်ကြည်လွှာထိ ရောက်သွားရင် အမြင်အာရုံကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ မျက်သားတက်တဲ့အခါ မျက်စိကို လှုံ့ဆော်မှု ဖြစ်ပြီး ယားယံတာက သက်သာ
စေဖို့ မျက်စဥ်းခပ်လို့ ရပါတယ်။ အကယ်၍ အမြင်အာရုံကို ထိခိုက်လာရင်တော့ ခွဲစိတ်ပြီး ခြစ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ်။
အခုဆိုရင် နေရောင်ခြည်ကြောင့် ဖြစ်နိုင်တဲ့ မျက်စိပြဿနာတွေအကြောင်း သိကြပြီ ထင်ပါတယ်။ ဒီပြဿနာတွေကို ကာကွယ်ဖို့ နည်းလမ်းကတော့ တတ်နိုင်သမျှ နေပူထဲ မထွက်ဖို့နဲ့ မတတ်သာလို့ ထွက်ရရင်လည်း နေကာမျက်မှန်တပ်ဖို့၊ ထီး သို့မဟုတ် ဦးထုပ်ကြီးကြီး ဆောင်းဖို့ပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်